COVID-19 ကူးစက်ရောဂါဖြစ်ပေါ်နေချိန် မုန်တိုင်းအန္တရာယ်နှင့်ပတ်သက်၍ သတိပြုလိုက်နာ ဆောင်ရွက်နိုင်ရန် အသိပေးပန်ကြားခြင်း


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 30, 2020


- မြန်မာနိုင်ငံတွင် မုန်တိုင်းအဖြစ်များသောကာလမှာ မိုးဦးကာလနှင့် မိုးနှောင်းကာလတို့ ဖြစ်ရာ ယခု COVID-19 ကူးစက်ရောဂါဖြစ်ပွားနေချိန်တွင် ရာသီကာလအလိုက် ဖြစ်ပွား တတ်သည့် သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်မှုများကို ပိုမိုသတိပြု ဆောင်ရွက်ရန်လည်း လိုအပ်ပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနအနေဖြင့် COVID-19 ကူးစက်ရောဂါ ဖြစ်ပွားစဉ်ကာလတွင် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ စီမံခန့်ခွဲဆောင်ရွက်ရာ၌ COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ အစီအမံများကိုလည်း ပေါင်းစပ် ထည့်သွင်းပြီး ကြိုတင်စီစဉ် ဆောင်ရွက်လျက် ရှိပါသည်။

- ပြည်သူများအနေဖြင့်လည်း ယခုကဲ့သို့ မုန်တိုင်းဖြစ်ပေါ်နိုင်သည့် ရာသီကာလတွင် မိသားစုအလိုက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ရာ၌ COVID-19 ကူးစက်ရောဂါ ဆိုင်ရာ လိုက်နာရမည့် ညွှန်ကြားချက်များကိုလည်း မမေ့မလျော့ ထည့်သွင်းဆောင်ရွက် နိုင်ပါရန်နှင့် အောက်ပါအတိုင်း သတိပြုနေထိုင်ခြင်းဖြင့် ပူးပေါင်းကူညီဆောင်ရွက်နိုင် ပါရန် နှိုးဆော်အပ်ပါသည် −

• မိုးလေဝသသတင်းများကို စဉ်ဆက်မပြတ်နားထောင်ပါ။ မိမိ၏ အိမ်နီးချင်းများကို လည်း အသိပေး နှိုးဆော်ပါ။

• အိမ်ပေါ်သို့ ကျိုးကျနိုင်သော သစ်ပင်၊ သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းထားပါ။

• COVID-19 ကူးစက်ရောဂါဖြစ်ပွားနေချိန်ဖြစ်သဖြင့် တတ်နိုင်ပါက မိမိအိမ်၌သာ ခိုလှုံနေထိုင်နိုင်ရေးအတွက် နေအိမ်အဆောက်အဦများအား လေဒဏ်၊ မိုးဒဏ်ခံနိုင်စေရန် ကြိုတင်ပြင်ဆင်ပါ။

• မိမိနေအိမ်သည် လုံခြုံမှုမရှိနိုင်ဟုယူဆပါက မိသားစုများအရေးပေါ်ပြောင်းရွှေ့ရန် ဘေးလွတ်ကင်းသည့် နေရကြိုတင်ရွေးချယ်ထားပါ။ အဆိုပါနေရာတွင် တစ်ဦးနှင့်တစ်ဦး အနည်းဆုံး (၃)ပေအကွာ နေနိုင်ရေးဆောင်ရွက်ပါ။ ဆပ်ပြာ၊ လက်သန့်ဆေးရည်၊ မျက်နှာနှင့် နှာခေါင်းစည်းများ ကြိုတင်စုဆောင်း ယူဆောင် သွားပါ။ COVID-19 ကူးစက်ရောဂါဆိုင်ရာ လိုက်နာရမည့် ညွှန်ကြားချက်များကို တိကျစွာလိုက်နာပါ။

• မိမိအစီအစဉ်ဖြင့် ပြောင်းရွှေ့မည့်နေရာမရရှိနိုင်ပါက ဒေသရှိ တာဝန်ရှိဌာန၊ အဖွဲ့အစည်းများ၏ စီမံဆောင်ရွက်မှုကို လိုက်နာဆောင်ရွက်ပါ။

• ကမ်းရိုးတန်းဒေသများတွင် မုန်တိုင်းနှင့်အတူ မုန်တိုင်းဒီရေတက်ရောက်နိုင်ကြောင်း၊ ကုန်းတွင်းပိုင်းဒေသများသည် မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းရာမှ လျှက်တပြတ် ရေကြီးမှုများ ဖြစ်ပေါ်နိုင်ကြောင်း အထူးသတိပြုနေထိုင်ပါ။

• လှေများ၊ အသက်ကယ်ကွင်းများ၊ Life Jacket များနှင့် ရေလုံသော ပလတ်စတစ်ပုံးများ ကြိုတင်စုဆောင်းပါ။

• မိသားစုအလိုက် (၁)ပတ်စာခန့် အရေးပေါ် အသင့်စားအစားအစာများ၊ ဆေးဝါး၊ သောက်ရေများ ကြိုတင် စုဆောင်းထားပါ။

• မိသားစုများ တကွဲတပြားစီဖြစ်သွားပါက ပြန်လည်ဆုံတွေ့နိုင်မည့်နေရာကို ကြိုတင်သတ်မှတ်ထား၍ မိသားစုဝင်အားလုံး သိရှိပါစေ။

• လေပြင်းတိုက်ခတ်မှုများ၊ မိုးရွာသွန်းမှုများ၊ လျှပ်စီးလက်ခြင်းနှင့် မိုးခြိမ်းခြင်းများ ဖြစ်ပွားနေချိန်တွင် ဖုန်းများကို အသုံးမပြုပါနှင့်။

- ပြည်သူလူထုအနေဖြင့် COVID-19 ကူးစက်ရောဂါဖြစ်ပွားနေချိန် ယခုကာလတွင် မုန်တိုင်းဘေး၊ ရေဘေး၊ အန္တရာယ်များ ဖြစ်ပွားနိုင်သည်ကိုလည်း ကြိုတင်သတိပြု နိုင်ပါရန်၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်များကို အလေးထားဂရုပြုနားထောင်ရန်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနတွင် ဖွင့်လှစ်ထားရှိသည့် Hot-line ဖုန်းများဖြစ်သော ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇၇ တို့သို့လည်း ဆက်သွယ်သတင်းယူခြင်း၊ အကူအညီ တောင်းခံနိုင်ခြင်းများ ဆောင်ရွက်နိုင်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန