Daily Star သတင်းစာတွင် ဖော်ပြခဲ့သည့် သတင်းနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်


/ နေပြည်တော် / November 10, 2018


၅-၁၁-၂၀၁၈ ရက်နေ့ထုတ် Daily Star သတင်းစာတွင် "Rohingya teen injured in fi ring at border" ခေါင်းစဉ်ဖြင့် အသက် ၁၅ နှစ်အရွယ် Narul Islam အမည်ရှိလူငယ်သည် နွားကျောင်းနေစဉ် မြန်မာနိုင်ငံ ရေမောင်ခလီလုံခြုံရေးစခန်းဘက်မှ သေနတ်ဖြင့် ၁၇ ချက်ခန့် ပစ်ခတ်ခဲ့သဖြင့် ထိုလူငယ်၏ တံတောင်ဆစ်တွင် ဒဏ်ရာရရှိသွားကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်မှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ကြောင်း AFP သတင်းဌာန၏ သတင်းကို ဖော်ပြလာခဲ့ပါသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ တောင်နှင့်အရှေ့အာရှဌာန ညွှန်ကြားရေးမှူးချုပ် M.Delwar Hossain က အဆိုပါကိစ္စနှင့်ပတ်သက်၍ ၇-၁၁-၂၀၁၈ ရက်နေ့တွင် မြန်မာ သံအမတ်ကြီးအား တွေ့ဆုံခဲ့ပြီး ထိုကိစ္စနှင့် စပ်လျဉ်း၍ ကန့်ကွက်ပြောကြားခဲ့ရာ မြန်မာသံအမတ်ကြီးက ယခုဖြစ်စဉ် သည် တစ်စုံတစ်ရာ မှားယွင်းနေသည်ဟုယူဆကြောင်း၊ မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့မှတာဝန်ရှိသူထံ သံအမတ်ကြီးကိုယ်တိုင် ဆက်သွယ်မေးမြန်းခဲ့ရာ မည်သည့်ပစ်ခတ်ခံရမှုမှ မရှိကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်ဘက်မှ ကန့်ကွက်စာ ပေးပို့ခြင်းလည်း မရှိကြောင်း၊ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဘက်မှ မည်သည့်ပစ်ခတ်မှုကိုမှ ပြုလုပ်ခဲ့ခြင်းမရှိဟု ပြန်လည်ကြားသိခဲ့ရကြောင်း၊ ယခုကိစ္စနှင့်ပတ်သက်၍ နှစ်ဖက်နယ်ခြားစောင့်ရဲတပ်ဖွဲ့အကြား အလံတင် အစည်းအဝေးခေါ်ယူပြုလုပ်၍ ဆွေးနွေးသင့်ကြောင်း ပြန်လည်ရှင်းလင်း ပြောကြားခဲ့ပါသည်။

သတင်းတွင်ဖော်ပြထားသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ အရေးယူ ဆောင်ရွက်နိုင်ရန် လိုအပ်သည့် စိစစ်မှုများပြုလုပ်ခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ခြမ်းရှိ ဘာလူခါလီ ဒုက္ခသည်စခန်းသည် မြန်မာနိုင်ငံဘက်ခြမ်း အစွန်ဆုံးရှိ တောင်ပြိုဝဲရဲကင်းစခန်း၏ အနောက်ဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ကိုက် ၅၀ဝ၀ ခန့် အကွာတွင်တည်ရှိပြီး ကြားတွင်လည်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ ကင်းစခန်း(၂)ခုရှိနေကြောင်း၊ ၎င်းနေ့ရက်နှင့် ၎င်းအချိန်တွင် နယ်စပ်ဒေသလုံခြုံရေးနှင့်တည်ငြိမ်ရေးအတွက် နှစ်နိုင်ငံ ညှိနှိုင်း၍ နတ်မြစ်အတွင်း၌ နှစ်နိုင်ငံလုံးမှ စက်တပ်ရေယာဉ်(၂)စင်းစီဖြင့် ရေကြောင်း ကင်းလှည့် ဆောင်ရွက်နေချိန်လည်းဖြစ်ကြောင်း၊ ဆက်စပ်လျက်ရှိသော တောင်ပြိုဝဲ ရဲကင်းစခန်းနှင့် ရဲအောင်ချောင်းဝရဲကင်းစခန်းများမှလည်း ပစ်ခတ်မှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း၊ ရေကြောင်းလှည့်ကင်းအဖွဲ့နှင့် ကင်းစခန်းများမှလည်း ပစ်ခတ်သံကြားသိရခြင်း မရှိခဲ့ကြောင်းနှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ တာဝန်ရှိသူများကလည်း ထူးခြားဖြစ်စဉ်ဖြစ်ပွားလာသည့် အခါတိုင်း ဆောင်ရွက်မြဲ ဖြစ်သည့် အလံတင် အစည်းအဝေး ကျင်းပပြုလုပ်ရန်လည်း ညှိနှိုင်းလာခဲ့ခြင်းမရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ပြန်လည်တင်ပြလာခဲ့ပါသည်။

သို့ပါ၍ ယင်းကဲ့သို့ ဖြစ်စဉ်မျိုး နှစ်နိုင်ငံနယ်စပ်တွင် ဖြစ်ပွားပါက နှစ်နိုင်ငံနယ်စပ်ရဲတပ်ဖွဲ့ဝင်များအကြား ထူထောင်ထားသည့် အလံတင်အစည်းအဝေး ချက်ချင်းခေါ်ယူပြီး ပြောဆိုရမည့်ကိစ္စဖြစ်သဖြင့် ယင်းသို့ ဆောင်ရွက်ရန် ဘင်္ဂလားဒေ့ရှ်သို့ တိုက်တွန်းလိုပါသည်။ ယခုကဲ့သို့ အချက်အလက်သေချာခြင်းမရှိသည့် ကိစ္စမျိုးကို သံတမန်လမ်းကြောင်းဖြင့် ကန့်ကွက်ပြောဆိုခြင်းသည် အကျိုးရှိစေနိုင်မည်မဟုတ်ပါ။

မြန်မာနိုင်ငံအနေဖြင့် မကြာမီကာလအတွင်း မြန်မာနိုင်ငံဘက်က စိစစ်ပြီးဖြစ်သည့် နေရပ်စွန့်ခွာရသူ များအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် စတင်တော့ မည်ဖြစ်ရာ ထိုလုပ်ငန်းစဉ် နှောင့်နှေးကြန့်ကြာစေရန် ရည်ရွယ်၍ အထင်အမြင်လွဲမှားမှုများဖြစ်ပေါ်စေနိုင်သည့် သတင်းများ အချိန်ကိုက် ထွက်ပေါ်လာမှုအပေါ် များစွာစိုးရိမ်ပူပန်မိပါကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နှစ်နိုင်ငံချစ်ကြည်ရေးကိုရှေ့ရှု၍ နေရပ်စွန့်ခွာရသူများ ပြန်လည်စိစစ် လက်ခံရေးလုပ်ငန်းစဉ်များကို စနစ်တကျ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိပြီးဖြစ် သည့်အတိုင်း နှစ်နိုင်ငံသဘောတူညီချက်များနှင့်အညီ ဆက်လက်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်။