သတင်းထုတ်ပြန်ချက်


နိုင်ငံခြားရေးဝန်ကြီးဌာန/ Nay Pyi Taw / August 06, 2019


(၆-၈-၂၀၁၉ ရက်၊ နေပြည်တော်)

မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေးကောင်စီက အခြေအမြစ်မရှိသော စွပ်စွဲချက်များကို အခြေခံ၍ အချက်အလက်ရှာဖွေရေးမစ်ရှင် (Fact Finding Mission-FFM) စတင်ဖွဲ့စည်းစဉ်ကပင် ဆန့်ကျင်ကန့်ကွက်ခဲ့ပါသည်။ အချက်အလက်ရှာဖွေရေးမစ်ရှင်၏ အစီရင်ခံစာကို အသိအမှတ်ပြုမည် မဟုတ်ကြောင်း မြန်မာနိုင်ငံ၏ရပ်တည်ချက်ကို ရှင်းလင်းထင်ရှားစွာ ထုတ်ဖော်ပြသခဲ့ပြီး ဖြစ်ပါသည်။ လူ့အခွင့်အရေးကိစ္စအပါအဝင် နိုင်ငံတကာအရေးကိစ္စရပ်များအား ဖြေရှင်းရာတွင် ပူးပေါင်းဆောင်ရွက်ရေးကိုအခြေခံ၍သာ ဆောင်ရွက်သင့်သည်ဟူသော ရပ်တည်ချက်ကို မြန်မာနိုင်ငံက ခိုင်မာစွာဆုပ်ကိုင်ထားပါသည်။ ပြေလည်အောင် ဖြေရှင်းဆောင်ရွက်ရန်လိုအပ်သော စိန်ခေါ်မှုများကို စီးပွားရေးပိတ်ဆို့အရေးယူမှုများဖြင့် ဖြေရှင်းနိုင်လိမ့်မည်ဟု မြန်မာနိုင်ငံအနေဖြင့် မယုံကြည်ပါ။

လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့်ပတ်သက်လာလျှင် တာဝန်ယူ၊ တာဝန်ခံမှုများရှိရမည်ဆိုသည်မှာ မြန်မာနိုင်ငံ၏မူအရ ရပ်တည်ချက်ဖြစ်ပါသည်။ မြန်မာနိုင်ငံအစိုးရအနေဖြင့် ရခိုင်ပြည်နယ်အရေးကိစ္စကို သီးခြားလွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE)ဖွဲ့စည်းလျက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရေးအတွက် ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာ့တပ်မတော်အနေဖြင့်လည်း ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည်ဆိုသော လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းကာ စစ်ဆေးလျက်ရှိပါသည်။ မြန်မာနိုင်ငံသည် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရေးဆိုင်ရာ ကိုယ်ပိုင်ယန္တရားများ ဖွဲ့စည်းထားပြီးဖြစ်ပါသည်။ ထိုသို့ ပြည်တွင်း၌ဖွဲ့စည်းဆောင်ရွက်ထားသည့် ယန္တရားများ ပြီးပြတ်ပြည့်စုံအောင် ဆောင်ရွက်စေခြင်းမပြုဘဲ အခြားယန္တရားများ ဖွဲ့စည်းဆောင်ရွက်ခြင်းကို မိမိတို့ ဆန့်ကျင်ပါသည်။

လူ့အခွင့်အရေးကောင်စီအနေဖြင့် အချက်အလက်ရှာဖွေရေးမစ်ရှင် ဖွဲ့စည်းဆောင်ရွက်ခြင်းသည် ယင်း၏လုပ်ပိုင်ခွင့်ကို ကျော်လွန်လုပ်ဆောင်ခြင်းဖြစ်ပြီး နိုင်ငံတကာဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ချိုးဖောက်ခြင်းဖြစ်ပါသည်။ အချက်အလက်ရှာဖွေရေးမစ်ရှင်ကိုသော်လည်းကောင်း၊ ယင်း၏အစီအရင်ခံစာကိုသော်လည်းကောင်း မိမိတို့ အသိအမှတ်ပြု လက်ခံမည်မဟုတ်ပါ။ မြန်မာအစိုးရအနေဖြင့် အချက်အလက် ရှာဖွေရေးမစ်ရှင်၏ နောက်ဆုံးထုတ် အစီရင်ခံစာနှင့် သုံးသပ်ချက်များကို ပြတ်ပြတ်သားသားပယ်ချပါသည်။ အချက်အလက် ရှာဖွေရေးမစ်ရှင်၏ အစီရင်ခံစာသည် မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများ၏ အကျိုးစီးပွားကို ထိခိုက်ပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ခြင်းဖြစ်သည်ဟု ရှုမြင်သတ်မှတ်ပါသည်။ ထိုကဲ့သို့သော ဆောင်ရွက်ချက်များသည် ရခိုင်ပြည်နယ်တွင် လက်ရှိတွေ့ကြုံရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရေးအတွက် တစ်စုံတစ်ရာ အထောက်အကူ ဖြစ်စေနိုင်မည်မဟုတ်ဟု ယုံကြည်ပါသည်။

ရခိုင်ပြည်နယ်ရှိ စိန်ခေါ်မှုများကို တရားဥပဒေစိုးမိုးမှုမြှင့်တင်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်ခြင်းဖြင့်သာ ဖြေရှင်းနိုင်လိမ့်မည်ဟု မြန်မာနိုင်ငံက ယုံကြည်ထားပါသည်။ ရခိုင်ပြည်နယ်ရှိ လူ့အဖွဲ့အစည်းများအတွင်း သဟဇာတဖြစ်ရေးကို တည်ဆောက်ပေးခြင်း၊ ငြိမ်းချမ်း၊ တည်ငြိမ်၊ လုံခြုံစိတ်ချ၊ သာယာဝပြောသော ပတ်ဝန်းကျင်ကို ဖန်တီးပေးခြင်းတို့သည်သာ မိမိတို့၏ လတ်တလောဦးစားပေး ရည်မှန်းချက်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။