ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ လူဦးရေမှာ ၂၀၁၄ခုနှစ် သန်းခေါင်စာရင်းအရ ၅၁သန်းကျော်ရှိပါသည်။ အဓိကတိုင်းရင်းသား လူမျိုးစုများမှာ ဗမာ၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းတို့ဖြစ်ကြသည်။ ၄င်းတိုင်းရင်းသားအားလုံးကို စုပေါင်း၍ မြန်မာဟုခေါ်သည်။ မြန်မာတိုင်းရင်းသား လူမျိုးစု၏ ၈၀ရာခိုင်နှုန်းကျော်လောက်သည် ထေရဝါဒဗုဒ္ဓ ဘာသာဝင်များဖြစ်ပါသည်။ ခရစ်ယာန်ဘာသာ၊ မူဆလင်ဘာသာ၊ ဟိန္ဒူဘာသာနှင့် နတ် ကိုးကွယ်မှုများလည်းရှိပါသည်။

အဓိကအားဖြင့် မြန်မာဘာသာစကားနှင့် တိုင်းရင်းသားလူနည်းစုဘာသာစကားများဖြစ်သော ချင်း၊ ကချင်၊ ကရင်၊ ရှမ်း နှင့် တိုင်းရင်းသားလူမျိုးစု ၁၃၅မျိုး၏ ဘာသာစကားနှင့် နိုင်ငံခြားမှ ရွှေ့ပြောင်းရောက်ရှိလာသော တရုတ်လူမျိုးများ ပြောဆိုကြသည့် ကန်တုံ၊ မန်ဒရင်းဘာသာစကားနှင့် အိန္ဒိယလူမျိုးများပြောဆိုကြသည့်  ဟင်ဒူစတန်နီ၊ အူရဒူစသည့် ဘာသာစကားများကို အသုံးပြုကြသည်။ မြန်မာနိုင်ငံသည် ဗြိတိသျှကိုလိုနီလက်အောက်သို့ ကျရောက်ဖူးသဖြင့် အင်္ဂလိပ်ဘာသာစကားကိုလည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြသည်။


ကိုးကားချက်။ ။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန