အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန

နောက်ခံသမိုင်း

၁။ လွတ်လပ်ရေးရပြီးစတွင် မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေကို ပြန်လည်ထူထောင်ရန် နိုင်ငံ၏စီးပွားရေး၊ လူမှုရေးတို့နှင့် စပ်လျဉ်းသော ဖွံ့ဖြိုးမှုစီမံကိန်းအရပ်ရပ်ကို စိစစ်ပြုစု ရေးဆွဲရန် အတွက် အမျိုးသားစီမံကိန်းဝန်ကြီးဌာန ဖွဲ့စည်းခဲ့ပါသည်။

၂။ အမျိုးသားစီမံကိန်းဝန်ကြီးဌာနသည် စက်မှုလက်မှုဝန်ကြီးဌာနနှင့် တွဲ၍လည်းကောင်း၊ သာသနာရေးနှင့် ပြည်ထောင်စုယဉ်ကျေးမှုဝန်ကြီးဌာနနှင့် တွဲ၍လည်းကောင်း၊ ကာကွယ်ရေး ဝန်ကြီးဌာနနှင့် တွဲ၍လည်းကောင်း တည်ရှိခဲ့ပါသည်။

၃။ ၁၉၇၂ ခုနှစ်မတိုင်မီ အမျိုးသားစီမံကိန်းဝန်ကြီးဌာနကို ဦးစီးဌာန/ အဖွဲ့အစည်း (၅) ခုဖြင့် ဖွဲ့စည်းထားရှိပြီး အမျိုးသားစီမံကိန်းဝန်ကြီးဌာနသည် နိုင်ငံတော်၏ စီးပွားရေးစာချုပ်များကို စိစစ်ခြင်း၊ စီမံကိန်းများ ညှိနှိုင်းခြင်း၊ နိုင်ငံခြားမှ စီးပွားရေးပူးပေါင်းမှု အကူအညီများနှင့် ကုလသမဂ္ဂ ကျွမ်းကျင်မှု အကူအညီများ ရယူရန် ဆက်သွယ်ဆောင်ရွက်ပေးခဲ့ပါသည်။

၄။ တော်လှန်ရေးကောင်စီအစိုးရလက်ထက် ၁၉၇၂ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင် အုပ်ချုပ်ရေးစနစ်သစ် ဖော်ထုတ်ရေး အစီအစဉ်အရ အမျိုးသားစီမံကိန်းဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးနှင့် အခွန်တော်ဝန်ကြီးဌာနတို့ကို ပေါင်းစပ်၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနဟု ခေါ်တွင်ခဲ့ပြီး ဝန်ကြီးဌာန၏ ပင်ရင်း လုပ်ငန်းများကို ဆောင်ရွက်ရန် ဦးစီးဌာန/ အဖွဲ့အစည်း/ လုပ်ငန်း(၁၅)ခု ဖြင့် ဖွဲ့စည်းခဲ့ပါသည်။

၅။ နိုင်ငံတော်မှ ပြောင်းလဲကျင့်သုံးသော စီးပွားရေးစနစ်သစ်နှင့် လိုက်လျောညီထွေစွာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ၁၉၉၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇) ရက်နေ့တွင် စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအား အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန နှင့် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနများအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနအောက်တွင် ဦးစီးဌာန/ အဖွဲ့အစည်း (၇) ခုဖြင့် ဖွဲ့စည်းခဲ့ပါသည်။

၆။ ၂ဝ၁၆ ခုနှစ်၊ မတ်လ (၃၀) ရက်နေ့တွင် လုပ်ငန်းများ ကျစ်လစ်သိပ်သည်းစွာ ဆောင်ရွက်နိုင် ရန် လုပ်ငန်းသဘော သဘာဝချင်းဆက်စပ်တူညီသည့် ဝန်ကြီးဌာနများကို ပေါင်းစည်းမှုအရ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန (၂) ခုတို့ အား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန (၁) ခုတည်းအဖြစ် ပြန်လည်ပူးပေါင်း၍ ဦးစီးဌာန/လုပ်ငန်း/ အဖွဲ့အစည်း (၂ဝ) ခုဖြင့် ဖွဲ့စည်းခဲ့ပါသည်။

၇။ ၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်နေ့တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအောက်တွင် ဖွဲ့စည်းထားသည့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီးဌာနတို့ကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အဖြစ် ဖွဲ့စည်းခဲ့ပါသည်။ ထို့ကြောင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအောက်တွင် ဦးစီးဌာန/ လုပ်ငန်း/ အဖွဲ့အစည်း (၁၈) ခု၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနအောက်တွင် ဦးစီးဌာန (၂) ခုတို့ဖြင့် ဝန်ကြီးဌာန (၂) ခု အဖြစ် ဖွဲ့စည်းခဲ့ပါသည်။

၈။ ၂ဝ၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်နေ့တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနတို့ကို ပူးပေါင်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအဖြစ် ပြည်ထောင်စု ဝန်ကြီးရုံး အပါအဝင် ဦးစီးဌာန/လုပ်ငန်း/အဖွဲ့အစည်း စုစုပေါင်း (၂၅) ခုဖြင့် ပြင်ဆင်ဖွဲ့စည်း ခဲ့ပါသည်။

၉။ ၂ဝ၂ဝ ပြည့်နှစ်၊ ဇူလိုင်လ (၂၁) ရက်နေ့တွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန အောက်တွင် ဖွဲ့စည်းထားသည့် အခွန်အယူခံခုံအဖွဲ့ရုံးကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန အောက်တွင်ဖွဲ့စည်းခဲ့သဖြင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန အောက်တွင် ပြည်ထောင်စု ဝန်ကြီးရုံး အပါအဝင် ဦးစီးဌာန/ လုပ်ငန်း/ အဖွဲ့အစည်း စုစုပေါင်း (၂၄) ခုဖြင့် ဖွဲ့စည်း ခဲ့ပါသည်။

၁၀။ ၂ဝ၂၁ ခုနှစ်၊ မေလ (၃) ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနဟူ၍ ပြင်ဆင်ဖွဲ့စည်းခဲ့သဖြင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အောက်တွင် ပြည်ထောင်စုဝန်ကြီးရုံး အပါအဝင် ဦးစီးဌာန/ လုပ်ငန်း/ အဖွဲ့အစည်း စုစုပေါင်း (၁၈) ခုဖြင့် ဖွဲ့စည်းခဲ့ပါသည်။

၁၁။ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနကို အမျိုးသားစီမံကိန်းဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာနဟူ၍ ပြင်ဆင်ဖွဲ့စည်းခဲ့သဖြင့် အမျိုးသားစီမံကိန်းဝန်ကြီးဌာန အောက်တွင် ပြည်ထောင်စု ဝန်ကြီးရုံးအပါအဝင် ဦးစီးဌာန/အဖွဲ့အစည်း စုစုပေါင်း (၆) ခုဖြင့် ဖွဲ့စည်းခဲ့ပါသည်။

၁၂။ ၂၀၂၆ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးသည် အမျိုးသားစီမံကိန်း ဝန်ကြီးဌာနနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန (၂) ခုတို့အား အမျိုးသား စီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန (၁) ခုတည်းအဖြစ် ပြန်လည်ပူးပေါင်း၍ ဦးစီးဌာန / အဖွဲ့ (၇) ခုဖြင့် ဖွဲ့စည်းခဲ့ပါသည်။

 

 

ဖွဲ့စည်းပုံ

အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနကို အောက်ပါ ဦးစီးဌာန/ အဖွဲ့ (၇) ခုဖြင့် ဖွဲ့စည်းထားပါသည်-

(၁) စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊

(၂) စီမံကိန်းစိစစ်ရေးနှင့်တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန၊

(၃) ဗဟိုစာရင်းအင်းအဖွဲ့၊

(၄) အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန၊

(၅) ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန၊

(၆) ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊

(၇) နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဦးစီးဌာန။