လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန

ဝန်ကြီးဌာနနောက်ခံသမိုင်းအကျဉ်း

၁။     လူဝင်မှုကြီးကြပ်ရေးဗျူရိုကို (၁-၈-၁၉၄၁) ရက်နေ့တွင် အလုပ်သမားဌာနအောက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး၊ ၁၉၄၅ ခုနှစ်၊ သြဂုတ်လ (၁၀)ရက်နေ့တွင် လူဝင်မှုကြီးကြပ်ရေးဌာနခွဲအဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာနအောက်တွင် ဖွဲ့စည်းခဲ့ပါသည်၊ ၁၉၅၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၄) ရက်နေ့ တွင်သန်းခေါင်စာရင်းမင်းကြီးရုံးကို အမျိုးသားစီမံကိန်းဝန်ကြီးဌာနလက်အောက်၌ ဖွဲ့စည်းခဲ့ပါသည်၊ ၁၉၅၁ ခုနှစ်၊ သြဂုတ်လ (၁) ရက်နေ့ တွင် မှတ်ပုံတင်အရာရှိချုပ်ရုံးကို ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်တွင် ဖွဲ့စည်းခဲ့ပါသည်။

၂။     လူဝင်မှုကြီးကြပ်ရေးဌာနခွဲမှတ်ပုံတင်အရာရှိချုပ်ရုံးနှင့် သန်းခေါင်စာရင်းမင်းကြီးရုံး​​​​​​​တို့ကိုစုစည်း၍ ၁၉၅၇ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဝန်ကြီးဌာနအဖြစ် စတင်ဖွဲ့စည်းခဲ့ပြီး ဦးစပ်ထွန်းအေး၊ ဦးခင်မောင်ဖြူ၊ ဦးနု၊ ဦးဘစော၊ ဦးကျော်စိုး ဝန်ကြီး (၅) ပါး အဆင့်ဆင့်တာဝန်ထမ်းဆောင်ခဲ့ကြပါသည်၊ ၁၉၇၂ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့ တွင်ဝန်ကြီးဌာနအဖြစ်မှ ဖျက်သိမ်းပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနအဖြစ် ပြည်ထဲရေးနှင့်သာသနာရေး ဝန်ကြီးဌာနလက်အောက်၌ ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

၃။     နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ၁၉၉၂ ခုနှစ်၊ မတ်လ (၂၀) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၃/၉၂)ဖြင့် ပြည်ထဲရေးဝန်ကြီးဌာနနှင့် သာသနာရေးဝန်ကြီးဌာန ဟူ၍ ဝန်ကြီးဌာန(၂)ခုအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနသည် ပြည်ထဲရေးဝန်ကြီးဌာန၏ လက်အောက်ခံဌာနအဖြစ် တည်ရှိခဲ့ပါတယ်။

၄။     နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့သည် စီမံခန့်ခွဲရေးလုပ်ငန်းများကို ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက် နိုင်ရေးအတွက် ၁၉၉၅ ခုနှစ်၊ ဇွန်လ (၁၅) ရက်နေ့တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့အမိန့်ကြော်ငြာ စာအမှတ် (၃၁/၉၅)ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအဖြစ် ပြန်လည်တိုးချဲ့ဖွဲ့စည်းခဲ့ပြီး ဦးစီးဌာန တစ်ခုတည်းသာ တည်ရှိခဲ့ပါသည်၊ ၁၉၉၇ ခုနှစ်၊ အောက်တိုဘာလ (၃) ရက်နေ့တွင် ကျင်းပခဲ့သော ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ၏ အစည်းအဝေးအမှတ်စဉ် (၃၇/၉၇)နှင့် နိုင်ငံတော်အေးချမ်းသာယာရေး နှင့်ဖွံ့ဖြိုးရေးကောင်စီ၏ သဘောတူညီချက်အရ ၁၉၉၈ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနနှင့် ပြည်သူ့အင်အား ဦးစီးဌာန (၂)ခုဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

၅။     ဝန်ကြီးဌာန၏ အဓိကလုပ်ငန်းတာဝန်များဖြစ်သည့် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်း၊ အမျိုးသားမှတ်ပုံတင်ရေး​​​​​​​နှင့်နိုင်ငံသားမှတ်ပုံတင်ရေး လုပ်ငန်း နှင့် ပြည်သူ့အင်အားစာရင်းကောက်ယူထိန်းသိမ်းရေးလုပ်ငန်းများသည် နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တို့အတွက် အလွန်အရေးပါသောလုပ်ငန်းများဖြစ်၍ ထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ(၁၇)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂၆/၂၀၁၅)မှ သဘောတူခွင့်ပြုချက်အရ (၇-၁-၂၀၁၆) ရက်နေ့တွင် ဝန်ကြီးရုံး၏ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၁၆)ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအောက်တွင် ဝန်ကြီးရုံး၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အမျိုးသားမှတ်ပုံတင်နှင့်နိုင်ငံသားဦးစီးဌာန၊ ပြည်သူ့အင်အား ဦးစီးဌာနဟူ၍ ဦးစီးဌာန(၃)ခုဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

၆။     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး၏ ၃၀-၃-၂၀၁၆ ရက်စွဲပါအမိန့်အမှတ် (၃/၂၀၁၆)ဖြင့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

၇။     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉အရ ၁-၈-၂၀၂၁ ရက်စွဲပါအမိန့်အမှတ်၊ ၁၅၀/၂၀၂၁ ဖြင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနအား အလုပ်သမားဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

၈။     ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၂)မှ သဘောတူခွင့်ပြုချက်အရ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအား အောက်ဖော်ပြပါအတိုင်း ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်-

  • ဝန်ကြီးရုံး

  • လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန

  • အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန

  • ပြည်သူ့အင်အားဦးစီးဌာန

  • အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာန

 

မူဝါဒ

  • နိုင်ငံတော်တည်တံ့ရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့်အမျိုးသားလုံခြုံရေးအတွက် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်း၊ နိုင်ငံခြားသား ထိန်းသိမ်းမှု လုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးဆိုင်ရာဥပဒေ၊ လုပ်ထုံး၊ လုပ်နည်းများနှင့်အညီ စနစ်တကျ ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်ရေး၊

  • နိုင်ငံတော်တည်တံ့ရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် လူမျိုးမပျောက်စေရေးအတွက် အဓိကဆောင်ရွက်ရမည့် အမျိုးသားမှတ်ပုံတင်ရေးဆိုင်ရာလုပ်ငန်း၊ နိုင်ငံသားဖြစ်မှုဆိုင်ရာလုပ်ငန်း၊ နိုင်ငံသားမှတ်ပုံတင်ရေးနှင့် နိုင်ငံသားစိစစ်ရေးဆိုင်ရာ လုပ်ငန်းများကို ဌာနဝန်ထမ်းများမှ မျိုးချစ်စိတ်ဓါတ်ကိုအခြေခံ၍ ဥပဒေ၊ လုပ်ထုံး၊ လုပ်နည်းများနှင့်အညီ စနစ်တကျ ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်ရေး၊

  • နိုင်ငံတော်၏ လုံခြုံရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် စီမံကိန်းများရေးဆွဲရာတွင် အထောက်အကူပြုစေမည့် ခိုင်မာတိကျသော လူဦးရေစာရင်းဇယားများနှင့် အညွှန်းကိန်းများ ရရှိရေး။

 

ရည်မှန်းချက်

  • လူဝင်မှုကြီးကြပ်ရေးလုပ်ငန်း၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားမှတ်ပုံတင်ရေးလုပ်ငန်း၊ ပြည်သူ့အင်အား သန်းခေါင်စာရင်း ကောက်ယူ ထိန်းသိမ်းရေးလုပ်ငန်းများကို ဥပဒေ၊ လုပ်ထုံး၊ လုပ်နည်းများနှင့်အညီ ခေတ်မီစနစ်ကျသည့် အဆင့်မြင့်နည်းပညာ အသုံးပြု၍ စွမ်းရည်ထက်မြတ်သော လူ့စွမ်းအား အရင်းအမြစ်များအဖြစ် အသုံးချဆောင်ရွက်သွားရန်၊

  • နိုင်ငံတော်အစိုးရမှ ချမှတ်ပေးသည့်မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်သွားရန်၊

​​​​​​​​​​​​​​

အဓိကလုပ်ငန်းတာဝန်ကြီး (၃) ရပ်

  • လူဝင်မှုကြီးကြပ်ရေးလုပ်ငန်း၊

  • အမျိုးသားမှတ်ပုံတင်ရေးနှင့် နိုင်ငံသားမှတ်ပုံတင်လုပ်ငန်း၊

  • ပြည်သူ့အင်အားစာရင်း ကောက်ယူထိန်းသိမ်းရေးလုပ်ငန်း၊

 

လုပ်ငန်းတာဝန်များ​​​

  • နိုင်ငံသားများ၊ နိုင်ငံခြားသားများ ပြည်တွင်း၊ ပြည်ပ ဝင်/ထွက်မှုကို ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူဆောင်ရွက်ခြင်း

  • ဥပဒေမဲ့ဝင်ရောက်သူများအား ဖေါ်ထုတ်၍ ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူဆောင်ရွက်ခြင်း

  • နိုင်ငံခြားသားများ ပြည်တွင်း၌ နေထိုင်မှု၊ သွားလာမှုများကို ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ကြပ်မတ်ထိန်းသိမ်းခြင်း

  • ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ မှတ်ပုံတင်ခြင်း၊ စစ်ဆေးခြင်းနှင့် ပြောင်းလဲမှုများအား မှတ်တမ်းတင်ခြင်း

  • ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း

  • တစ်မျိုးသားလုံး လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော် လူဦးရေမူဝါဒကို ချမှတ်နိုင်ရန် လူဦးရေဆိုင်ရာ ပြည်တွင်း၊ ပြည်ပ အချက်အလက်များကို ဆန်းစစ်လေ့လာ၍ နိုင်ငံတော်သို့တင်ပြခြင်း

  • နိုင်ငံတော်၏ မူဝါဒအရ လိုအပ်သောအချိန်ကာလအတွက် တိကျမှန်ကန်သော လူဦးရေစာရင်းရရှိစေရန် လူဦးရေသန်းခေါင်စာရင်း ကောက်ယူခြင်း

  • နိုင်ငံတော်၏ လူမှုစီးပွားရေးစီမံကိန်းများနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များအတွက် အထောက်အကူဖြစ်စေမည့် လူဦးရေ ကိန်းဂဏန်းများ ရရှိစေရန် စစ်တမ်းများ ကောက်ယူခြင်းနှင့် နိုင်ငံတော်၏ ဒေသအသီးသီးအလိုက် လူဦးရေခန့်မှန်းပေးခြင်း

  • ပြည်တွင်း၊ ပြည်ပလူဦးရေဆိုင်ရာလှုပ်ရှားမှုများ၊ လူသားချင်းစာနာထောက်ထားမှုဖြင့် အထောက်အပံ့ပေးသည့် လုပ်ငန်းများအတွက် ကမ္ဘာ့လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) နှင့် အဓိက ဆက်သွယ်ဆောင်ရွက် ပေးရသော (Focal Point) အဖြစ်ဆောင်ရွက်ခြင်း

​​​​​​​​​​​​​​​​​​​​​

Website လိပ်စာ

www.mip.gov.mm

​​​​​​​www.dop.gov.mm