စက်မှုဝန်ကြီးဌာန
စက်မှုဝန်ကြီးဌာန
ဌာနအဖွဲ့အစည်း၏အကြောင်းအရာ
သမိုင်းကြောင်း
မြန်မာနိုင်ငံကို လယ်ယာစိုက်ပျိုးရေးနိုင်ငံဘဝမှ လယ်ယာကိုအခြေခံသော စက်မှုလက်မှု နိုင်ငံအဖြစ်သို့လည်းကောင်း ထိုမှတစ်ဆင့် စက်မှုနိုင်ငံအဖြစ်သို့ ကူးပြောင်းရေးကို ရှေးရှု၍ စားဝတ်နေရေးဆိုင်ရာ၊ စက်နှင့်စက်အရန်ပစ္စည်းဆိုင်ရာ စက်ရုံကြီးငယ်များစွာကို တည်ထောင်ခဲ့ပြီး၊ စက်မှုလက်မှုကဏ္ဍတွင် စားသောက်ကုန်၊ ဝတ်ဆင်ကုန်၊ လူသုံးကုန် ထုတ်လုပ်ရေးဆိုင်ရာ စက်ရုံကြီးငယ်များသည် ပြည်သူပိုင်၊ သမဝါယမပိုင်နှင့် ပုဂ္ဂလိကပိုင်ဟူ၍ သုံးမျိုးသုံးစားရှိခဲ့ပါသည်။
မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးအချိန်တွင် စက်မှုလက်မှုလုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲရန် ဝန်ကြီးဌာနတစ်ခုအနေဖြင့် ၁၉၅၂ ခုနှစ်အထိ သီးခြားဖွဲ့စည်းထားခြင်းမရှိဘဲ အခြားကဏ္ဍများနှင့်ပူးတွဲ၍ စက်မှုလက်မှုနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စက်မှုလက်မှုနှင့်အလုပ်သမားဝန်ကြီးဌာန၊ စက်မှုလက်မှုနှင့်သတ္တုတွင်းဝန်ကြီးဌာန စသည်ဖြင့် အဆင့်ဆင့် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး၊ မြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ စက်မှုလက်မှုလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်သွားနိုင်ရေးအတွက် ၁၉၅၂ ခုနှစ်တွင် စက်မှုလက်မှုဝန်ကြီးဌာနကို ဌာနခွဲ၊ ဘုတ်အဖွဲ့နှင့် ကော်ပိုရေးရှင်း (၈)ခု တို့ဖြင့် သီးခြားဝန်ကြီးဌာနအဖြစ် စတင်ဖွဲ့စည်းခဲ့ပါသည်။
၁၉၇၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီမှ စတင်အကောင်အထည်ဖော်ခဲ့သော အုပ်ချုပ်ရေးစနစ်သစ်အရ ၁၉၇၂ ခုနှစ် မတ်လ(၁၆)ရက်နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၁)ဖြင့် စက်မှုလက်မှုဝန်ကြီးဌာန၏အမည်ကို စက်မှုဝန်ကြီးဌာနဟု ပြောင်းလဲခဲ့ပြီး ကော်ပိုရေးရှင်း (၁၆) ခုဖြင့်လည်းကောင်း၊ ၁၉၇၅ ခုနှစ်တွင် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်အစိုးရအဖွဲ့သည် စက်မှုလက်မှုကဏ္ဍဆိုင်ရာ လုပ်ငန်းအရပ်ရပ်ကို ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အလို့ငှာ ၁၉၇၅ ခုနှစ် မတ်လ(၂၉)ရက်နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၃)ဖြင့် ၁၉၇၅ ခုနှစ် ဧပြီလ(၁)ရက်နေ့မှစတင်၍ စက်မှုဝန်ကြီးဌာနကို အမှတ်(၁)စက်မှုဝန်ကြီးဌာနနှင့် အမှတ်(၂) စက်မှုဝန်ကြီးဌာနဟူ၍ ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ ၂.၁၂.၂၀၁၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၉၅/၂၀၁၁ အရ အမှတ် (၁) စက်မှုဝန်ကြီးဌာနနှင့် အမှတ် (၂) စက်မှုဝန်ကြီးဌာနတို့အား စက်မှုဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့၍ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန(၃) ခု၊ စက်မှုလုပ်ငန်း (၆) ခုနှင့် ဗဟိုဌာန (၂) ခု၊ စုစုပေါင်းဌာန (၁၂) ခု ဖြင့် အောက်ပါအတိုင်း ဖွဲ့စည်းခဲ့ပါသည် -
(က) ပြည်ထောင်စုဝန်ကြီးရုံး
(ခ) စက်မှုညွှန်ကြားရေးဦးစီးဌာန
(ဂ) စက်မှုစီမံကိန်းဦးစီးဌာန
(ဃ) စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန
(င) အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း
(စ) အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း
(ဆ) အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း
(ဇ) အထည်အလိပ်လုပ်ငန်း
(ဈ) ဆေးဝါးနှင့်စားသောက်ကုန်လုပ်ငန်း
(ည) စက္ကူနှင့်အိမ်သုံးပစ္စည်းလုပ်ငန်း
(ဋ) သုတေသနနှင့်ဖွံ့ဖြိုးရေးဗဟိုဌာန
(ဌ) အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန
စက်မှုဝန်ကြီးဌာနတွင် လုပ်ငန်းသဘာဝတူညီမှုရှိသော ဦးစီးဌာနများပါဝင်နေခြင်း၊ ပုဂ္ဂလိကစက်မှုကဏ္ဍနှင့် အသေးစားနှင့်အလတ်စားစက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် အချို့ဌာနများ၏ ဖွဲ့စည်းပုံအား တိုးချဲ့ဆောင်ရွက်ရန်လိုအပ်ခြင်း၊ စက်ရုံ/ အလုပ်ရုံများအား ပုဂ္ဂလိကသို့ ငှားရမ်းခြင်း၊ အကျိုးတူ/ဖက်စပ် ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့သဖြင့် ဖွဲ့စည်းပုံ ပြန်လည်အပ်နှံရန် လိုအပ်ခြင်းတို့ကြောင့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၃/၂၀၁၄) မှ သဘောတူခွင့်ပြုချက်အရ ၁.၄.၂၀၁၄ ရက် နေ့မှစ၍ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန (၂)ခု၊ စက်မှုလုပ်ငန်း (၆) ခုနှင့် ဗဟိုဌာန(၁) ခု၊ စုစုပေါင်းဌာန(၁၀)ခု တို့ဖြင့် အောက်ပါအတိုင်း ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်-
(က) ပြည်ထောင်စုဝန်ကြီးရုံး
(ခ) စက်မှုညွှန်ကြားရေးဦးစီးဌာန
(ဂ) စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန
(ဃ) အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း
(င) အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း
(စ) အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း
(ဆ) အထည်အလိပ်လုပ်ငန်း
(ဇ) ဆေးဝါးနှင့်စားသောက်ကုန်လုပ်ငန်း
(ဈ) စက္ကူနှင့်အိမ်သုံးပစ္စည်းလုပ်ငန်း
(ည) သုတေသနနှင့်ဖွံ့ဖြိုးရေးဗဟိုဌာန
နိုင်ငံတော်အစိုးရအနေဖြင့် ဆောင်ရွက်လျက်ရှိသော အစိုးရအုပ်ချုပ်ရေးယန္တရား တိုးတက်ကောင်းမွန်ရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်အရ ဖွဲ့စည်းပုံများကို ခေတ်နှင့်အညီ တိုးတက်ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲရန်အတွက် ဖွဲ့စည်းပုံအင်အားကို ကျစ်လစ်မှုရှိစေရန် လိုအပ်ခြင်းကြောင့် ဝန်ကြီးရုံးအား တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်း၊ ဦးစီးဌာနအချို့အား လိုအပ်ချက်အရ အမည်ပြောင်းလဲ၍ ပြင်ဆင်လျှော့ချဖွဲ့စည်းခြင်း၊ စက်မှုလုပ်ငန်းများကို ပူးပေါင်းဖွဲ့စည်းခြင်း၊ ဗဟိုဌာနကို ဖျက်သိမ်းခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
အထက်ပါအချက်များနှင့်အညီ ပြင်ဆင်ဖွဲ့စည်းခဲ့သည့် စက်မှုဝန်ကြီးဌာန၏ ဖွဲ့စည်းပုံကို ၂၅.၃.၂၀၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၇/၂၀၁၅) မှ သဘောတူခွင့်ပြုချက်အရ ၁.၄.၂၀၁၅ ရက်နေ့မှစ၍ ဝန်ကြီးရုံး၊ ဦးစီးဌာန (၂) ခုနှင့် စက်မှုလုပ်ငန်း(၄) ခု၊ စုစုပေါင်း (၇) ခု တို့ဖြင့် အောက်ပါအတိုင်း ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်-
(က) ပြည်ထောင်စုဝန်ကြီးရုံး
(ခ) စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
(ဂ) စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန
(ဃ) အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း
(င) အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း
(စ) အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း
(ဆ) မြန်မာ့ဆေးဝါးလုပ်ငန်း
အဆိုပါဖွဲ့စည်းပုံတွင် အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်းရှိ အမှတ်(၁၈) အကြီးစားစက်ရုံ(အင်းကုန်း)အား လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
ထို့နောက် အမှတ်(၁၁)အကြီးစားစက်ရုံ(ရန်ကုန်)၊အမှတ်(၁၂)အကြီးစားစက်ရုံ(ထုံးဘို)၊ အမှတ်(၁၃)အကြီးစားစက်ရုံ(မကွေး)၊ အမှတ်(၂၅)အကြီးစားစက်ရုံ(မြိုင်)တို့ကို ၁၃.၁.၂၀၁၆ ကျင်းပပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၁၆)မှ သဘောတူ ခွင့်ပြုချက်အရ ကာကွယ်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးခဲ့ပြီး ၁၀.၁၁.၂၀၁၆ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေးအမှတ်စဉ် (၁၅/၂၀၁၆)မှ သဘောတူခွင့်ပြုချက်ဖြင့် စက်မှုဝန်ကြီးဌာန၏ဖွဲ့စည်းပုံအင်အားကို ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
နိုင်ငံတော်သမ္မတရုံး၏ ၂၈.၁၁.၂၀၁၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၁၂၃/၂၀၁၉ အရ စက်မှုဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့ကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ အမှတ်(၇)စက်မှုသင်တန်းကျောင်း(သထုံ)နှင့် အမှတ်(၈)စက်မှုသင်တန်းကျောင်း(မုံရွာ)တို့အား တိုးချဲ့ဖွဲ့စည်းခဲ့မှုအရ စက်မှုကဏ္ဍ၏ ဖွဲ့စည်းပုံခွင့်ပြုအင်အားကို ပြင်ဆင်ဆောင်ရွက်ခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ၃.၅.၂၀၂၁ ရက်စွဲပါ အမိန့်အမှတ်၊ ၁၁၇/ ၂၀၂၁ ဖြင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
မျှော်မှန်းချက်
-
ခေတ်မီစက်မှုနိုင်ငံထူထောင်ရန်
ရည်မှန်းချက်
-
နိုင်ငံတော်မှ ဆက်လက်ဆောင်ရွက်သင့်သည့် နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများ အောင်မြင်မှုရရှိ စေရန်နှင့် နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများကို ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုအား တိုးမြှင့် ဆောင်ရွက်ရန်၊
-
စက်မှုဇုန်များ၊ ပုဂ္ဂလိကစက်မှုလုပ်ငန်းများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေး ဆောင်ရွက်ပေးရန်၊
-
စက်မှုကဏ္ဍ စဉ်ဆက်မပြတ်၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်ရန်။
မူဝါဒ
-
နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများ အောင်မြင်မှုရရှိစေရေးနှင့် ပုဂ္ဂလိကအခန်းကဏ္ဍ၊ အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများ ပိုမိုမြှင့်တင်ရေးအတွက် နည်းပညာ၊ အတတ်ပညာ နှင့် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်၍ ပူးပေါင်းဆောင်ရွက်ရေး၊
-
ပြည်တွင်းရှိ သယံဇာတကုန်ကြမ်းပစ္စည်းများကို ထိရောက်အကျိုးရှိစွာအသုံးပြုပြီး တန်ဘိုး မြှင့်ထုတ်လုပ်ခြင်းအား တိုးမြှင့်ဆောင်ရွက်ရေး၊ အကြီးစားစက်မှုလုပ်ငန်းကြီးများကို တည်ထောင် ခြင်းဖြင့် သွင်းကုန်အစားထိုးထုတ်ကုန်နှင့် ပြည်ပပို့ထုတ်ကုန်များ တိုးမြင့်လာစေရေး၊
-
စက်မှုထုတ်ကုန်များ အရည်အသွေးတိုးတက်မြင့်မားလာစေရန်နှင့် ဆန်းသစ်တီထွင်နိုင်ရန် အတွက် သုတေသနနှင့် ဖွံ့ဖြိုးမှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး၊
-
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအား အထူးအလေးထား အားပေးမြှင့်တင်ပေးရေး၊
-
ပြည်တွင်းရှိ စက်မှုဇုန်များ စနစ်တကျဖွံ့ဖြိုးတိုးတက်လာစေရေး၊
-
ဘေးအန္တရာယ်ကင်းရှင်း၍ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုလျော့နည်းစေသည့် စက်မှု လုပ်ငန်းများဖြစ်စေရေး၊ ပြန်ပြည့်မြဲစွမ်းအင်များ အသုံးပြုနိုင်ရေးနှင့် စွမ်းအင်ကို အကျိုးရှိ ထိရောက်စွာ အသုံးချနိုင်ရေး၊
-
မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရေးကို အထောက်အကူဖြစ်စေမည့် လျှပ်စစ်သုံး ယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး၊
-
စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒ၊မူဘောင်များနှင့် စံချိန်စံညွှန်းများ ရေးဆွဲ အကောင်အထည်ဖော်ရေး၊
-
နိုင်ငံတကာ၊ ဒေသတွင်းနှင့် နိုင်ငံအတွင်း ပူးပေါင်းဆောင်ရွက်မှုတို့တွင် ပါဝင်နိုင်စေခြင်းဖြင့် ပြည်တွင်းစက်မှုကဏ္ဍ၏ အရည်အသွေးကို မြှင့်တင်နိုင်မည့် နည်းပညာနှင့် အထောက်အပံ့ များ ရရှိရေး။
လုပ်ငန်းစဉ်များ
-
စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် မူဝါဒ၊ မဟာဗျူဟာ၊ လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေးဆောင်ရွက်မည်။
-
စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ အထောက်အပံ့နှင့် ရင်းနှီးမြှုပ်နှံမှုများရရှိရေး ညှိနှိုင်းဆောင်ရွက်ရန်နှင့် စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်မည်၊
-
စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေးနှင့် ထိန်းသိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ဥပဒေ မူဘောင်များထွက်ပေါ်လာရေးနှင့် ပြန်ပြည့်မြဲစွမ်းအင်များ အသုံးချနိုင်ရေးအပါအဝင် ဆက်စပ် လုပ်ငန်းများအား အကောင်အထည်ဖော်နိုင်ရေးတို့ကို ဆောင်ရွက်မည်၊
-
မူလဓာတ်ခွဲခန်းတည်ထောင်ခြင်း၊ အမိန့်ကြော်ငြာစာများ ထုတ်ပြန်ခြင်း၊ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အမျိုးအစားခွဲခြားခြင်း၊ ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြည်ပသို့ တင်ပို့ခြင်း ပြုလုပ်မည့် ဓာတုပစ္စည်းများအတွက် လုပ်ငန်းလိုင်စင် ထုတ်ပေးခြင်း၊ မှတ်ပုံတင်ခြင်းနှင့် ထောက်ခံချက်ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်မည်၊
-
စက်နှင့်စက်ပစ္စည်းများကို ဆန်းသစ်တီထွင်၍ စမ်းသပ်သုတေသနပြုပြီး စက်မှုကဏ္ဍတွင် လက်တွေ့အသုံးချနိုင်ရေး ဆောင်ရွက်မည်၊
-
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်သည့် သတင်းအချက်အလက်၊ နည်းပညာ၊ အရင်းအနှီး၊ သွင်းအားစုနှင့် ဈေးကွက်ရရှိရေး ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် မည်၊
-
ပြည်တွင်းရှိ တည်ထောင်ပြီး၊ တည်ထောင်ဆဲ စက်မှုဇုန်များအား စက်မှုဇုန်ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုရရှိရေး ဆောင်ရွက်မည်၊
-
တည်ဆဲ ဥပဒေများ၊ နည်းဥပဒေများ၊ မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စက်မှု လုပ်ငန်းများ အန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေးနှင့် စက်မှုကဏ္ဍဆိုင်ရာ စာရင်းဇယားများ ရရှိနိုင်ရေးအတွက် ကြီးကြပ်စစ်ဆေးခြင်း၊ မှတ်ပုံတင်ပေးခြင်း၊ အားပေးမြှင့်တင်ခြင်းများ ဆောင်ရွက်မည်၊
-
နိုင်ငံပိုင်စက်မှုလုပ်ငန်းများမှ ထုတ်ကုန်များအား တိုးမြှင့်ထုတ်လုပ်ခြင်း၊ ဈေးကွက်လိုအပ် ချက်နှင့်အညီ ထုတ်လုပ်ခြင်း၊ ဆန်းသစ်တီထွင်ထုတ်လုပ်ခြင်း၊ အရောင်းမြှင့်တင်ရေးအစီ အစဉ်များ ပြုလုပ်ခြင်းတို့ဖြင့် အောင်မြင်မှုရရှိစေရန် ဆောင်ရွက်မည်၊
-
နိုင်ငံပိုင်စက်ရုံများ၏ ကုန်ထုတ်လုပ်မှုတိုးမြှင့်နိုင်ရေးအတွက် နည်းပညာမြှင့်တင်ခြင်း၊ လိုအပ်သော ခေတ်မီစက်နှင့်စက်ပစ္စည်းများ ဖြည့်တင်းခြင်းတို့ကို ဆောင်ရွက်မည်၊
-
ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် နိုင်ငံပိုင်စက်ရုံများအား စာချုပ်ပါစည်းကမ်း ချက်များနှင့်အညီ ဖွံ့ဖြိုးတိုးတက်၍ ရှေရှည်ရှင်သန်ရပ်တည်ရေး ကြပ်မတ်ဆောင်ရွက်မည်၊
-
စက်မှုဆိုင်ရာကျွမ်းကျင်သည့် လူ့စွမ်းအားအရင်းအမြစ်များကို နိုင်ငံတကာစံနှုန်းများနှင့်အညီ လေ့ကျင့်မွေးထုတ်ပေးရေး၊ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ လေ့လာ သင်ယူမှုအစီအစဉ်များ ဖွံ့ဖြိုးတိုးတက်မှုနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးတို့ကို အကောင် အထည်ဖော်ဆောင်ရွက်မည်၊
-
အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ)၏ တိုးချဲ့စီမံကိန်း ဒုတိယအဆင့် (Phase 2) နှင့် အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)စီမံကိန်းတို့ကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည်၊
-
လျှပ်စစ်သုံးယာဉ်ထုတ်လုပ်သည့် စက်မှုလုပ်ငန်းများနှင့် ဆက်စပ်ဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကင်းစင်သော သယ်ယူပို့ ဆောင်ရေးစနစ်ကို တည်ထောင်နိုင်ရန် ဦးတည်သော မူဝါဒ၊ လုပ်ငန်းစဉ်များ ချမှတ်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်မည်၊
-
ဝါ ၊ ဆီထွက်သီးနှံ၊ ရာဘာစသည့် ပြည်တွင်းကုန်ကြမ်းအခြေပြု စက်မှုကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေပြီး ချည်၊ ပိတ်၊ အထည်၊ စားသုံးဆီ၊ ဘိလပ်မြေ၊ လူသုံးကုန်စသည်တို့ကို ပြည်တွင်းသုံးစွဲမှုဖူလုံစေရေး ဦးတည်ဆောင်ရွက်မည်၊
-
ပြည်တွင်းဆေးဝါးလိုအပ်ချက်အား အရည်အသွေးနှင့်အရေအတွက်ပြည့်မီစွာ အချိန်နှင့် တစ်ပြေးညီ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး စီမံဆောင်ရွက်မည်၊
-
ဒီဂျစ်တယ်စနစ်ပြောင်းလဲအသုံးပြုနိုင်ရေး (Digital Transformation) အတွက် e-Governance Master Plan ပါ လုပ်ငန်းစဉ်များအား အချိန်နှင့်တစ်ပြေးညီ အကောင် အထည်ဖော်နိုင်ရေး ဆောင်ရွက်မည်၊
-
ဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အဆောက်အဦ၊ လမ်း၊ ရုံးသုံးပစ္စည်းများစသည့် အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းဆောင် ရွက်ခြင်း၊ ပုံသေပိုင်ပစ္စည်းများအား စီမံခန့်ခွဲခြင်းနှင့် ငွေကြေးစီမံခန့်ခွဲခြင်းတို့ကို ဆောင်ရွက်မည်။
-
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးတို့မှ အခါအားလျော်စွာ ပေးအပ်သောလုပ်ငန်းတာဝန်များကို ဆောင်ရွက်မည်။
ဖွဲ့စည်းပုံ
စက်မှုဝန်ကြီးဌာနကို အောက်ဖော်ပြပါ ဦးစီး/လုပ်ငန်းဌာနများနှင့် ဖွဲ့စည်းထားပါသည်-
(က) ပြည်ထောင်စုဝန်ကြီးရုံး
( ခ) စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
( ဂ) စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန
(ဃ) အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း
( င) အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း
( စ) အမှတ် (၃) အကြီးစားစက်မှုလုပ်ငန်း
Website လိပ်စာ
ဝန်ဆောင်မှုများ
( ၁) စက်မှုသင်တန်းကျောင်းများတက်ရောက်ရန် လျှောက်ထားခြင်း
( ၂) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလိုင်စင် လျှောက်ထားခြင်း
( ၃) ဓာတုပစ္စည်း နှင့် ဆက်စပ်ပစ္စည်းများအတွက် မှတ်ပုံတင်လက်မှတ် လျှောက်ထားခြင်း
( ၄) ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ ပြည်ပသို့ တင်ပို့ခြင်းအတွက် ထောက်ခံချက် လျှောက်ထားခြင်း
( ၅) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ပြည်တွင်းသို့ တင်သွင်းခြင်းအတွက် ထောက်ခံချက် လျှောက်ထားခြင်း
( ၇) ပုဂ္ဂလိကစက်မှုလုပ်ငန်းမှတ်ပုံတင်ခြင်း
( ၈) ဘွိုင်လာကိုင်တွယ်ထိန်းသိမ်းသူလက်မှတ်ထုတ်ပေးခြင်း
(၉) ဘွိုင်လာမှတ်ပုံတင်စစ်ဆေးခြင်း
(၁၀) အသုံးပြုနေသော ဘွိုင်လာများအား နှစ်စဉ်စစ်ဆေးခြင်း
(၁၁) ဘွိုင်လာကိုင်တွယ်ထိန်းသိမ်းသူများသင်တန်းဖွင့်လှစ်ခြင်း
(၁၂) ဘွိုင်လာပြုပြင်သူလက်မှတ်များ ထုတ်ပေးခြင်း
(၁၃) လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးစစ်ဆေးခြင်း
(၁၄) ဓာတ်ခွဲခန်းတွင်လျှပ်စစ်ပစ္စည်းများစစ်ဆေးခြင်း
(၁၅) လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ်ထုတ်ပေးခြင်း
(၁၆) လျှပ်စစ်ကျွမ်းကျင်မှုသင်တန်းများဖွင့်လှစ်ပို့ချခြင်း
(၁၇) လျှပ်စစ်ဓာတ်လိုက်မှုများစစ်ဆေးခြင်း
(၁၈) Certificate of Approval- CoA ထုတ်ပေးခြင်း
(၁၉) အသေးစားနှင့်အလတ်စားလုပ်ငန်းများအား SME လုပ်ငန်းများအဖြစ် အသိအမှတ်ပြုကဒ်များ ထုတ်ပေးခြင်း